Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Wednesday, December 15, 2010

ဝလုံးလေးတော့ လွမ်းစေလို


ပင့် ၊ ဝိုက် ၊ ရစ် ၊ ချ
အဝိုင်း ရအောင်
လက်လယ် လက်ညှိုး
ရှေ့တိုးလက်မ
ခက်ဖွဖွကိုင်
ဖနောင့် ကိုမဏ္ဍိုင်ပြု
တူရှု က ညာ .....

ပုလဲလုံးညီ
ကြိုး နဲ့သီသို့
အစကိုခွာ
အောက် ကိုအသာထိ
မဖိတဖိ
ရှေ့နှင့် ညှိ ......

ဝ.. လုံ.. ရေ.. ဝ
နှုတ် က ရွတ်ဆို
နောက်ပါးခို၍
ပြုံးချိုမျက်နှာ
ချီးမွမ်းကာဖြင့်
လက်ထပ်သင်ပေး
လေးမြတ်မေတ္တာ
မမေ့ရာ ....

ဝလုံးစားသုံး
နှလုံးပြည့်ဝ
မောင်မယ်လှတို့
တိုးတက်မြင့်မား
စာစကားစုံ
အဖုံဖုံကျွမ်းကျင်
မိုးမမြင်လည်း
ငယ်စဉ်ခဏ
ဘဝစဝယ်
ချွေးကျအောင်ရေး
ဝလုံးလေး ကို
ခဏလောက်တော့ လွမ်းစေလို ........။ ။


စာစကားမျိုးစုံကို တက်ကျွမ်းပြီး မိုးမမြင်လေမမြင် နဲ့ဘဝင်တွေမြင့်ပြီး
မြန်မာပြည်ပညာရေး အားအထင်သေးနေသောမြန်မာများ
ငယ်စဉ်ကတနေကုန်ချွေးပြန်အောင်ရေးခဲ့ ရသောဝလုံးလေးများ နဲ့
ဝ လုံ ရေ ဝ ... လို့ ကန့်ကူလက်လှည့် သင်ပေးခဲ့တဲ့ မြတ်ဆရာ များ ကို
ခဏလေးတော့ လွမ်းကြစေလိုပါ သည် ....(ကျော်သူ)

ဝေလည်းမွှေး ကြွှေလည်းမွှေး

ဝေလည်းမွှေး ကြွှေလည်းမွှေး
ရခဲလှစွာ လူ့ဘ၀မှာ
ဖြစ်တည်မွေးဖွား နိုင်ငံ့သားသည်
အသက်အချိန် မိဘဂုဏ်သိမ်
စည်းစိမ်စီးပွား ခင်သူများနှင့်
ကြင်သူများအား လျစ်လျူထား၍
ပြည်သူ့အတွက် မားမားရပ်လျက်
မနေမနား တာဝန်များအား
အသက်ခန္ဓာ မငဲ့ညှာပဲ
ကြိုးစားရွက်ဆောင် စစ်သားမောင်သည်
ဝေရင်လည်းမွှေး ကြွေလည်းမွှေး၏။


အပတ်စဉ်(၄၉)မှ နောင်တော်များအား ရွှေရတုအပတ်စဉ်မှ ကျွန်တော်က ဤကဗျာလေးဖြင့် လေးစားစွာ ဂုဏ်ပြူအပ်ပါသည်။ စာအုပ်လေးကိုတော့ စကားဝါမြေဆိုဒ်မှ ကူးယူဖော်ပြထားပါတယ်။ စိတ်ဝင်စားတဲ့ သူငယ်ချင်းများ ဖတ်ရူလို့ရအောင်ပါ။

Wednesday, December 1, 2010

ဒီဇင်ဘာ ဒဏ်ရာ


ဒီဇင်ဘာ ဒဏ်ရာ

ချစ်သူရေ…
မင်းကို ပြန်လည်တမ်းတ
လွမ်းဆွတ်ရတဲ့ အရသာက
ပူလောင်တယ်ဆိုတာ
သိစေချင်လိုက်တာ…..။

အကွေ့ အကောက်တွေနဲ့ 
ကြမ်းတမ်းလှတဲ့ ငါဘ၀ထဲမှာ
မင်းက တခဏပဲ နားခိုသွားတယ်နော်…..။
ငါကတော့ တစ်ဘ၀စာ မှတ်လို့…
”နင်ဟာ လမ်းပြကြယ်…
နင်ဟာ ငါ့ရဲ့ နတ်သမီး…” ဆိုပြီး
လေးဖြူရဲ့ သီချင်းကို ဆိုပြမိခဲ့ …။

အခုတော့…
မင်းပေးခဲ့တဲ့ အမှတ်တရတွေနဲ့
၂၀၁၀ ဒီဇင်ဘာရဲ့ ဒီ ပထမ ညချမ်းမှာ
ငါ… ငိုကြွေးနေရပြီ….။
ဒီလိုနဲ့ ပဲ..
မျိုးကြီးဆိုထားတဲ့ သီချင်းကို
ငါ ပြန်တွေးမိတယ်…။
”အချိန်မီသာ ပြင်ဆင်ခွင့် ” …တဲ့ ။
အချိန်တွေ နောက်ပြန်လှည့်လို့ 
မင်းနဲ့ မတွေ့ ခင် ဟိုး..အရင်ချိန်တွေကို
ပြန်လည်ရောက်ရှိလာရင်
ဘယ်လောက် ကောင်းလိုက်မလဲ…။

တချို့ က ဆိုတယ်…
”ဒုက္ခနဲ့ တစ်ခါကြုံတိုင်း
ချစ်သူ့ လက်ကို တစ်ခါ ကိုင်ချင်တယ်…” တဲ့ 
ငါကတော့ …
ဒုက္ခနဲ့ တစ်ခါကြုံတိုင်း
မင်းအကြောင်း သိမ်းထားတဲ့ 
ငါ့ရင်ထဲက အကန့် လေး တစ်ကန့် ကို
ဖျက်ဆီးပစ်လိုက်ချင် ရဲ့ …
နောက်ဆုံး…
ငါ …သေသွား တဲ့  အထိပေါ့…။ ( ၀ိုင်းမော် )




Monday, November 15, 2010

တိုင်တည်ခြင်း


မာနမသိ အမုန်းမရှိ
အလွမ်းပကတိ အရင်းတည်၍
ချစ်ခဲ့သည်မှာ သူနဲ့စတွေ့ကတည်းက။

နေ့ရောညပါ စက္ကန့်မခြား
တနယ်စီခြား ဝေးနေရတာ
စီမံချက်လား ကံကြမ္မာ။

ဆုတောင်းတိုင်းသာ ပြည့်စုံပါက
အလွမ်းမရှိ အမုန်းမသိ
ပန်းပန်းချီသို့ ညီညာဖြောင့်ဖြူး
လှရစ်ကျူး၍ ချစ်သူတိုင်းသာ
ဆုံစေရာ၏။

ဘ၀တိုက်ပွဲ ရင်ဆိုင်နွဲဖို့
ပညာရှာရင်း ဘောင်အတွင်းက
ကုန်လွန်ရွေ့လျား နေ့ရက်များကြောင့်
ချစ်သူမုန်းမှာ ကြောက်ပါ၏။
ကမ္ဘာတစ်ပတ် ပြည့်သည့်ခါတိုင်း
စိတ်ထင်လှိုင်းဝယ် သံသယများရှိလာသည့်အခါ
ကမ္ဘာသစ္စာ မိုးမြေတည်၍
ငါ၏မေတ္တာ တိမ်နက်ရာကို
နေမင်းကြီးကို မေးလှည့်ပါ။

Friday, November 12, 2010

တမ်းတရင်ခွင်

တမ်းတရင်ခွင်




ရင်ငွေ့နွေးနွေး အဖေ့ကျေးဇူးကြောင့်
နံရံကိုခွဲဖျက် သားမောင်အပြင်ကို ထွက်နိုင်ခဲ့ပြီ အဖေ..
တုန့်ခေါက်လူလား နွေးထွေးမေတ္တာ အဖေ့မေတ္တာကြောင့်
အရာရာကို စိတ်အေးခဲ့ရပြီ အဖေ.....


တစ်ပင်ရောက် တစ်ထောက်နား ပျံသွားတက်ရေး
အဖေညွှန်းပေးလို့ အဝေးဟိုဆီ ပျံသန်းနိုင်ခဲ့ပြီ အဖေ
အခုတော့ အရွယ်ရောက် အတောင်စုံ
လေဟုန်ကိုခွဲ ကောင်းကင်ထဲ ပျံသန်းဖို့
အဖေကို ကန်တော့ခဲ့ပြီ အဖေ.........

ကောင်းကင်ဆိုတာ အကျယ်ကြီးပါလာအဖေ
ကောင်းကင်ဆိုတာ အဝေးကြီးပါလားအဖေ
မုန်းတိုင်းတွေကြား အားငယ်စရာပါလား အဖေ
ဘ၀တိုက်ပွဲတွေ တိုက်ထုတ်ရတာ မလွယ်ပါလားအဖေ

သားတို့အရေး သ္မီးတို့အရေးလို့
ဟောဒီဒုက္ခတွေ ဟောဒီဒုက္ခတွေ
အဖေ ဘယ်လိုရင်ဆိုင် ဖြတ်သန်းခဲ့တာလဲ အဖေ
သားတို့အတွက် သ္မီးတို့အတွက်လို့
အားဆက်ခဲ့လို့လား အဖေ...(ဥတ္တရ)

( ညီလေး ဦးဇင်း ကဗျာကို ဆရာနေရာမှာ အဖေနဲ့ အစားထိုးပြင်ဆင်ထားပါသည်။ ညီတော်ဆီကို ခွင့်မတောင်းဘဲ အကိုတော် ပြင်ဆင်မိသာ ညီတော်ကို အကို တောင်းပန်အပ်ပါတယ်။ ညီတော် ကျန်မာပါစေ။ ဒီထပ်မက သာသနာအကျိုး ထမ်းဆောင်နိုင်ပါစေ။ ချစ်တဲ့ အကိုလတ် ရာဇာ (မိုးထက်မြင့်(နည်းပညာ )

Tuesday, November 9, 2010

မိုးယံလ နဲ့ ဆရာ့ရင်ခွင်



မိုးယံလ နဲ့ဆရာ့ရင်ခွင်


ဒဏ်ရာတွေ သူ့မှာခပေမယ့်

စန္ဒာအဆွေ သူ့ရွာလှစေသို့

ဥပမာ ပြချင်ရဲ့ ငါ့ရင်ခွင်

သြော်…. ရှုကာဆပေတော့ ဆရာ့သွင်ပြင်….

မျက်နှာပန်းမှာလ

ခတ်ကြမ်းကာ မာပုံထင်လည်း

ရင်ခွင်ကို လှစ်ကာ ကြည့်လျှင်ဖြင့်

အစဉ်ချို မေတ္တာ အပြည့်ပါကွယ်

သိကြစေချင်…


မလိမ္မာကဲကာ မိုက်တာကြောင့်

ကြိမ်တံပြာ ဆွဲကာရိုက်ပေမယ့်

အသဲမှာ ပိုက်သည်က များတပည့် နောင်အစဉ်

အမှားသိ ရှောင်ကြဉ်ဘို့ ငါ့စိတ်ရင်း…..


လမင်းဆိုတာ…

လဆင်းဘယ်လိုဖြာလည်း (ပ၀င်းဘယ်လိုသာလည်း)

တစ်လမှာ နှစ်ခါမပြည့်ပါဘူး

အမိအဘနှယ် နောင်အရှည်မြင်၍

တပည့်လှဖွယ် အရောင်တွေထင်သည့်

ဆရာ့ရင်ခွင် မေတ္တာလရယ်က

ဘ၀မြင်အောင် သစ္စာပြလို့ရယ်က

(မင်းတို့အပေါ်မှာလေ)

မိုးလထက်လင်း။ (ဥတ္တရ)

Saturday, November 6, 2010

နေမင်းကြီး




နေမင်းကြီး

သား ဒီကနေ့မှာ အဖေဟာ သားအတွက် ဖိုးသုညဖြစ်နေပေမဲ့ အတိတ်က သားအတွက်တော့ အဖေဟာ ကုဋေကြွယ် သူဠေးကြီးပါကွာ................

သား အတွက် ဒီကနေ့ သာနေတဲ့ နေမင်းကြီးဟာ သားအတွက် အတောက်ပဆုံးဖြစ်နေပေမဲ့ အချိန်တန်လို့ သား နေ၀င်သွားတဲ့အခါ အဖေဟာ မင်းအတွက် လမင်းကြီးပါကွာ...................

ဒါပေမဲ့ သားရယ် ဒီကနေ့ သားအတွက် သာနေ့တဲ့ နေမင်းကြီးဟာ မင်းတို့အဖေ (ငါ) မွေးတဲ့ အချိန်တုန်းက တောက်ပခဲ့တဲ့နေပါကွာ.................

သားအတွက်တော အဖေဟာ ကောင်းကင်းတခွင်ကု လင်းလက်စေတဲ့ သော်တာလမင်းကြီးမဟုတ်တော့ပေမဲ့ အရပ်မျက်နှာကိုတော့ ညွှန်းပြပေးနိုင်တဲ့ ဓူဝံကြယ်တော့ ဖြစ်ပါသေးတယ်ကွာ................

သား ......မင်းဟာ ပစ္စပ္ပုန်ကို ၇င်ဆိုင်ဖြတ်သန်းနေပေမဲ့ အဖေဟာ အတိတ်နဲ့ ပစ္စပ္ပုန်ပါ ဖြတ်သန်ခဲ့ ဖြတ်သန်းနေတဲ့ သူပါကွာ.........................

ဒီနေ့ဟာ သားအတွက် အဖေရဲ့ အတွေးအခေါ်တွေဟာ ဟောင်းနွမ်းဆွေးမြေ့နေပေမဲ့ အတိတ်မှာ သားအတွက်တော့ အဖေဟာ မင်းရဲ့ ပါမောက္ခပေါ့ကွာ.....................

သား ..... ဒီကနေ့ အဖေဟာ ရုပ်ပိုင်းဆိုင်ရာ(ဆံဖြူလို့သွားကျိုးအဘိုးအို ဖြစ်နေပေမဲ့ ) အိုမင်းရင့်ရော်နေပေမဲ့ စိတ်ပိုင်းဆိုင်ရာတော့ သားအတွက် အမြဲနုပျိုလျှက်ပါကွာ.................

သား ... အဖေဟာ ခေတ်အမြင် ခေတ်အတက်ပညာတွေကို သားအတွက်လမ်းညွှန်မှု မပြုနိုင်ပေမဲ့ အားတော့အပြည့် ပေးနိုင်ပါတယ်ကွာ...................

သားအတွက် အဖေဟာ ဒါရိုက်တာ မဟုတ်ပေမဲ့ အဖေအတွက်တော့ သားဟာ ထာဝရ မင်းသားလေးပါကွာ................

မိုးသောက်လုလင်(ရာဇာ)(ခ) မိုးထက်မြင့်(နည်းပညာ)


မှတ်ချက်။ ။ ကျွန်တော် ဒီကဗျာလေးကို စရေးခဲ့တာက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပါ။ အင်တာနက်သုံးတော့ Blog မှာတစ်ကြိမ် ၊ forum တစ်ခုမှာ တစ်ကြိမ် မိုးသောက်လုလင် နံမည်နဲ့ တင်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် နည်းပညာရေနေတဲ့ နေရာမှာတော့ မတင်ပေးဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ကိုယ့်ဆိုဒ်မှာကိုယ်ဘဲ တင်လိုက်တော့ပါတယ်။ ကျွန်တော်ရဲ့ ကဗျာလေးကို ခံစားပေးပါအုံး။ နည်းပညာတွေဘဲ ရေးနေတာ ဖြစ်တာကြောင့် အားရုံလေး ပြောင်းကြည့်တာပါ။

ဆရာ့ကျေးဇူး မြင့်မိုရ်ဦး


ဆရာ့ကျေးဇူး မြင့်မိုရ်ဦး

ဆာယာ” ဟူသည် ”အရိပ်” မည်၏။
တပည့်ကောင်းကျိုး
အရိပ်မိုး၍ ၊ ဘေးဆိုးကွယ်ကာ
စောင့်ရှောက်တာမို့
ဆာယာ….မှသည် ၊ ဆရာ.မည်၏

တပည့်တို့အပေါ်မှာ
ပညာရဲရင့် ၊ ပွဲလယ်တင့်ဖို့
သိပ္ပံဝိဇ္ဇာ ၊ မြတ်ပညာအား
သင်ကြားဖြန့်ဝေ ၊ တတ်စေလိုသည်
မငြိုနှလုံး ၊ ချိုအပြူံးဆင့်
သက်ဆုံးထက်ပန် ၊ မေတ္တာမှန်ကြောင့်
ငါးတန်ဗလ ၊ သန်စွမ်းရမည်
နိုးကြားတက်ကြွ ၊၀ီရိယက
ဇွဲရှိရမည် ၊ ဤသည်အမှား
ဤကားအမှန် ၊ ဝေဖန်သုံးသပ်
သိတတ်ရမည် ၊ ယုံကြည်မျှော်တွေး
ခရီးလမ်းမှာ ၊ ပန်းတိုင်းပွင့်စေ
ရနံ့ဝေ…….
စေတနာရှင် ၊ ဆရာပေတည်း။

တပည့်များအား
ခွဲခြားမဟူ ၊ ဖြူနှလုံးသား
ရင်ဝယ်သားသို့ ၊ ထားရှိစေတနာ
ဝါသနာနှင့်၊ အနစ်နာခံ
ရှင်သန်နိုးကြား ၊ ပီတိစား၍
ခွန်အားဖြစ်ရ ၊ဆရာ့ဘ၀..။
သြော်……..
ဒုတိယမိဘ ၊ ဆရာ့ကျေးဇူး
မြင့်မိုရ်ဦးသို့ ၊ရည်စူးကော်ရော်
ပူဇော်ဦးခိုက်ပါသတည်း…….။( အရှင်ဥတ္တရ )

Thursday, November 4, 2010

ပန်းလိပ်ပြာ


ပန်းလိပ်ပြာ

ရင်မှာကြည်နူး လုံးလထူးဖြင့်
တူးကာမြေဆွ မျိုးစေ့ချသည်
လန်းလှပန်းပင် ကြီးမြန်ရှင်ဖို့ ……..

နေ့စဉ်ရက်ဆက် အားမာန်တက်စွာ
ဖျဉ်းပက်ရေကြည် ပင်နန်းဆီမှာ
ဝေစည်ပန်းစုံ ဖူးပွင့်ဖို့ ………

သြဇာမြေဆွေး မြေတောင်ပေးကာ
အသွေးရောင်တင့် ပင်ယံမြင့်မှာ
ပွင့်သောပန်းတိုင်း မွှေးစေဖို့ ……….

ယုယမြတ်နိုး ပန်းကိုပျိုးသည်
တန်းဖိုးကြီးမား တနည်းအားဖြင့်
စီးပွားရှာဖို့ မမှန်းပါ………

လန်းပွင့်စေကြောင်း ရေကြည်လောင်းတာ
ပန်းကောင်းညွတ်ကျိုး အရုပ်ဆိုးအောင်
ချိုးယူပန်လို့ မမြန်းပါ……….

မြေဆီသြဇာ ကျွေးပြီးကာမှ
မာလာပန်းခတ် နွမ်းကြွေသက်အောင်

သြော်………..
ပန်းနှင့်လူသား နှစ်ဦးကြားဝယ်
ထူးခြားလွန်းတင် သံယောဇဉ်ကို
ဘ၀မှန်းဆ မြင်စမ်းကြလျှင်
ဘ၀ရေစက် ဆိုရခက်သည့်
ပန္နက်သစ္စာ ခိုင်မာအထု
သမုဒယနယ် ပန်းမြိုင်လယ်က
နှစ်သွယ်မေတ္တာ ချစ်ကမ္ဘာသည်
အတွယ်အတာ ပန်းလိပ်ပြာ………. ( အရှင်ဥတ္တရ)

 

Recent Post

Random Post